Friday, December 18, 2009

ရွေးချယ် ရတော့မယ်ဆိုရင်

ဘုရားသခင်က ဆိတ်ကို အုပ်စုနှစ်စုခွဲပြီး တစ်အုပ်ကို တောင်အရပ်က မြက်ခင်းမှာ လွတ်ထားပြီး ကျန်တစ်အုပ်ကို မြောက်အရပ်မှာ လွတ်ထားလိုက်တယ်။ အဲဒီအရပ်မှာ ဆိတ်ရဲ့ ရန်သူဖြစ်တဲ့ ခြင်္သေ့နဲ့ ၀ံပုလွေတွေရှိတယ်။ ဘုရားသခင်က ဆိတ်တွေကို ခြင်္သေ့ယူမလား.. ၀ံပုလွေ ယူမလားလို့ ရန်သူ အရွေးခိုင်းတယ်။ ၀ံပုလွေရွေးရင် တစ်ကောင်ဖြစ်ပြီး ဆိတ်တွေကို အချိန်မရွေး ကိုက်ဖြတ်စားပစ်လို့ရတယ်။ ခြင်္သေ့ရွေးရင် နှစ်ကောင်ဖြစ်ပြီး ဘယ်ခြင်္သေ့ရဲ့ အစားကို ခံချင်သလဲဆိုတာ ရွေးနိုင်တယ်။

မေးခွန်းက သင်ဟာ အဲဒီဆိတ်အုပ်စုထဲမှာ ပါခဲ့ရင် ခြင်္သေ့ကို ရွေးမလား..? ၀ံပုလွေကို ရွေးမလား..? ကိုယ်ရွေးချယ်တဲ့ အဖြေကို မှတ်ထားပြီး ဆက်ဖတ်ပါ....

တောင်အရပ်မှာရှိတဲ့ ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ကြမ်းကြုတ်တော့ ၀ံပုလွေကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ မြောက်အရပ်က ဆိတ်တွေက ခြင်္သေ့က ၀ံပုလွေထက် ဆိုးတယ်ဆိုပေမဲ့ ဘယ်ခြင်္သေ့ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ခွင့် ငါတို့မှာ ရှိသေးဆိုပြီး ခြင်္သေ့ပဲ ယူမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

ဝံပုလွေက တောင်ဖက်က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ၀ံပုလွေက ခန္ဓာသေးတော့ ဆိတ်တစ်ကောင်ကို ၂ရက် ၃ရက်လောက်စားရတယ်။ ဒါကြောင့် ဆိတ်တွေက ၂ရက်၃ရက်နေမှ ၀ံပုလွေရဲ့ အကိုက်အဖြတ်ကို ခံရတယ်။

မြောက်ဖက် ဆိတ်တွေက ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကို အရင်ရွေးတယ်။ ခြင်္သေ့က ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်စားတော့တယ်။ ခန္ဓာကိုယ်ကလည်း ကြီးထွားတော့ တစ်ရက်ကို တစ်ကောင်နှုန်းနဲ့ စားတော့တယ်။ ဆိတ်တွေက နေ့တိုင်း စိတ်ခြောက်ခြားစွာနဲ့ ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို ခံနေရတယ်။

ခြင်္သေ့ရဲ့ အကိုက်အဖြတ်ကို နေ့တိုင်းခံနေရတော့ မြောက်အရပ်က ဆိတ်တွေက နောက်ခြင်္သေ့တစ်ကောင်ကို ရွေးပြန်တယ်။ အဲဒီခြင်္သေ့ကလည်း ဆာလောင်နေတာ ကြာတော့ ဆိတ်တွေကို တွေ့တာနဲ့ ကိုက်ဖြတ်ပြီး အားရပါးရစားတော့တာပဲ။ ဆိတ်တွေက မြက်စားဖို့ အချိန်တောင်မရကြဘဲ ခြင်္သေ့ရန်ကိုပဲ တထိတ်တလန့် ရှောင်နေရတော့တယ်။

ဝံပုလွေကို ရွေးလိုက်တဲ့ တောင်ဖက် ဆိတ်တွေက မြောက်အရပ်က ဆိတ်တွေကို ဦးနှောက်မရှိဘူးဆိုပြီး လှောင်ရီကြတယ်။ မြောက်ဖက် ဆိတ်တွေက ခြင်္သေ့ကို ရွေးမိတဲ့အတွက် နောင်တတွေ ရကြပြီး ဘုရားသခင်မှာ ခြင်္သေ့အစား ၀ံပုလွေပေးဖို့ တောင်းဆိုတယ်။ ဘုရားသခင်က ရွေးပြီးသားကို ပြန်ပြင်လို့ မရတဲ့အကြောင်း၊ ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ကိုသာ ရွေးခွင့်ရှိကြောင်း ပြောတယ်။

ခြင်္သေ့နှစ်ကောင်လုံးက ရိုင်းစိုင်းကြမ်းကြုတ်တဲ့အတွက် ဘယ်တစ်ကောင်ရွေးရွေး ဆိတ်တွေ အလူးအလှိမ့် ခံနေရတယ်။ ခြင်္သေ့တစ်ကောင်က သူတို့ကို စားပြီး ၀ဖြိုးလာမှ ဆိတ်တွေက ငတ်မွတ်နေတဲ့ နောက်ခြင်္သေ့တစ်ကောင် အလှည့်ကို ရွေးကြတယ်။ အဲဒီလို ရွေးချယ်တော့ အငတ်ခံထားရတာ ကြာပြီဖြစ်တဲ့ ခြင်္သေ့က ဒီလို အမြင်ကို ရလိုက်တယ်။ ငါဟာ ဘယ်လောက် ကြမ်းကြုတ်လဲ ဆိတ်အကောင် ၁၀၀နဲ့တော့ မယှဉ်နိုင်ဘူး။ ငါ့ရဲ့ စားသောက်ခွင့်က ဆိတ်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ ဆိတ်တွေက အချိန်မရွေး ငါ့ကို နောက်တစ်ကောင်နဲ့ လဲလိုက်နိုင်တယ် လို့ တွေးပြီး ဆိတ်တွေကို တလေးတစား ဆက်ဆံတော့တယ်။ ဖျားနာတဲ့ဆိတ်နဲ့ ဆိတ်သေတွေကိုပဲ စားတော့တယ်။ ဆိတ်တွေကလည်း ခြင်္သေ့ရန်က လှည့်ပတ် ပြေးနေစရာ မလိုတော့ ၀ဖြိုးလာတဲ့ ခြင်္သေ့အစား ပိန်လှီတဲ့ ခြင်္သေ့ကိုပဲ ရွေးကြတယ်။

ဒါကို ဆိတ်အိုတစ်ကောင်က “ဒီခြင်္သေ့က ငါတို့သူ့ကို မရွေးမှာစိုးလို့ ငါ့တို့အပေါ် ဒီလိုကောင်းနေတာဖြစ်တယ်။ ဟိုဝဖြိုးတဲ့ ခြင်္သေ့က ငတ်မွတ်ပြီး သေသွားခဲ့ရင် ငါတို့မှာ ဘယ်တစ်ကောင်ရဲ့ အစားကို ခံမလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး။ အဲဒီအချိန်ကျရင် ဒီပိန်လှီနေတဲ့ ခြင်္သေ့က ငါတို့ကို ဇာတိပြလိုက်မယ်” လို့ သတိပေးတယ်။

ဆိတ်အိုရဲ့ သတိပေးချက်ကို အားလုံးက သဘောတူကြတယ်။ ခြင်္သေ့တစ်ကောင် ၀လင်ပြီး အခြားခြင်္သေ့တစ်ကောင် ငတ်မွတ်နေပြီဆိုရင် ဆိတ်တွေက ခြင်္သေ့တွေကို လှဲလှယ်ကြတော့တယ်။ ငတ်မွတ်နေတဲ့ ခြင်္သေ့က သူ့ရဲ့ စားသောက်ပိုင်ခွင့်ဟာ ဆိတ်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သိတော့ ဆိတ်တွေကို လေးစားတယ်။ ကိုယ့်အလှည့် ကြာရှည်ခံဖို့ ဆိတ်သေနဲ့ နာမကျန်းတဲ့ ဆိတ်ကိုပဲ ရွေးစားတော့တယ်။

ဝံပုလွေကို ရွေးမိတဲ့ တောင်အရပ် ဆိတ်တွေရဲ့ အခြေအနေက ပိုပိုဆိုးရွားလာခဲ့တယ်။ တစ်ကောင်ထဲ ပြိုင်ဖက်မရှိဘဲ ဘုရင်လုပ်နေတဲ့ ၀ံပုလွေက ဆိတ်တွေကို အချိန်မရွေး ဖမ်းယူစားသောက်တယ်။ ဆိတ်သားကို မစားဘဲ ဆိတ်ရဲ့နှလုံးသွေးကိုပဲ သောက်ယူဖို့ တစ်ရက်ကို တစ်ကောင်နှုန်း မဟုတ်တော့ဘဲ တစ်ရက်ကို ဆယ်ကောင်နှုန်းနဲ့ ဖမ်းစားတော့တယ်။ ဆိတ်တွေရဲ့ စိတ်ထဲမှာက “အစက ကြိုသိခဲ့ရင် ခြင်္သေ့ကိုပဲ ရွေးပါတယ်” လို့ နောင်တတွေ ရနေကြတယ်။

လွယ်ကူတဲ့ ရွေးချယ်ပုစ္စာလေး တစ်ခုပါပဲ။ လူတွေရဲ့ ရပ်တည်မှုနဲ့ တည်နေရာပေါ်မှာ မှုတည်ပြီး ရွေးချယ်မှုတွေ ကွဲပြားကြမှာပါ။ အနောက်နိုင်ငံက လူတွေကို မေးရင် အများစုက ခြင်္သေ့ကိုရွေး ကြပြီး အရှေ့နိုင်ငံက လူတွေကို မေးရင် အများစုက ၀ံပုလွေကို ရွေးကြမှာပဲ။

ရွေးချယ်ပိုင်ခွင့်ရှိမှ လွတ်လမ်းကို ရကြသတဲ့...
ရွေးချယ်ပိုင်ခွင့် မရှိတဲ့ဘ၀က သတ်ဖြတ်မှုကိုပဲ ခံနေရတော့တယ်။

No comments:

Post a Comment